RSS

A Present of Cheroots by Dr. Hla Pe

Monday, July 06, 2009

လက်ဆောင်
လေးချိုး

မရွယ်ဘူး မယ်ခူးတဲ့ဖက်စို
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင်ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။


မယ်ခွေ



A PRESENT OF CHEROOTS
Anonymous


I did not buy them: with mine own hands I cut the fresh leaves.
Without the aid of fire, unable to dry them in the sun,
I had to keep them under my bed.
They are for you to smoke.
I nip them off near the pedicle with my front teeth.
Sweet as none other are these tobacco-rolls.
Without the aid of silk, but binding them with a single cotton thread,
To my sweetheart since youth who is going to Golden Ava
I send them as a present.


Hla Pe


ဒီကဗျာလေးကို မယ်ခွေ ရေးတယ်လို့ မှတ်သားရပါတယ်။ ဆရာကြီး ဒေါက်တာလှဘေ ဘာသာပြန်ရာမှာတော့ ရေးသူမသိလို့ ဆိုထားပါတယ်။


MCPA Challenge Award


မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး MCPA Challenge Award ပြိုင်ပွဲတစ်ခုကို ကျင်းပမှာ ဖြစ်ပါတယ်။ MCPA ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်သလို မြန်မာနိုင်ငံ ကွန်ပျူတာလောကအတွက် ထူးခြားတဲ့ ရလာဒ်တစ်ခုကို ဆောင်ကျဉ်းပေးလာနိုင်တဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အရင်တုန်းက ပရိုဂရမ်းမင်း ပြိုင်ပွဲတွေနဲ့ ပုံစံ မတူပါဘူး။ ဒါက Research ကိုအဓိကထားပြီး ကာလကြာရှည် ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါမယ်။ ဆုကြေးငွေက ကျပ်သိန်းသုံးဆယ်လို့ ယေဘုယျ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်စာမျက်နှာတွေ များပြားလာတာနဲ့အမျှ မြန်မာဘာသာအသုံးပြုပြီး အင်တာနက်မှာ အချက်အလက် ဒေတာတွေကို တိတိကျကျ ရှာဖွေရရှိနိုင်အောင် ပြိုင်ပွဲဝင်အဖွဲ့တွေ အနေနဲ့ မြန်မာအချက်အလက် ရှာဖွေရေးအင်ဂျင် (Myanmar Search Engine) တစ်ခု တည်ဆောက်မှု ပြိုင်ပွဲ ဖြစ်ပါလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေကို မကြာခင်မှာ www.mcpa.org.mm မှာ တရားဝင် ကြေငြာသွားမှာ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အလိုက် ခုကတည်းက ကြိုတင်ပြင်ဆင်မယ်ဆို ပြင်ဆင်နိုင်အောင် လျှို့ဝှက် သတင်းပေးလိုက်ပါတယ် ခင်ဗျား။



Toddy-Climbing by Padethayaza

Sunday, July 05, 2009


TODDY-CLIMBING
By Padethayaza (ob. A.D. 1754)
နွေဦးကာလ မြူထသောအခါ
(ထန်းသမားဘွဲ့တျာချင်း)
ပဒေသရာဇာ



In the beginning of the hot weather, when haze rises,
With his ladder and inseparable pot,
His sharp knife stuck in his waist,
To the tari buds and tari branches luxuriantly sprouting,
With his seat slung from his shoulder he climbs.

နွေဦးကာလ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

Tari stalks and spreading tari leaves
He cuts and notches amain to win the first fresh tari juice.
His loving wife collects the tari juice.
He shouts and cries to his sons and grandsons and calls to the dogs and pigs.
And, behold! a hare-net corded with tari-fibre.

ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊ စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊ မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊ သားမြေးဟစ်ကြော် ခွေးဝက်ကယ်ခေါ်၊ ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။

The noise of calling resounds; men are clamorous;
Dogs yelp, men yell; they strike and beat.
Chameleon, hare, partridge-all that are in the bushes-
Quail, fowl, iguana, snake,
Wolves, too, straightway come out.

ခေါ်သံရိုက်ဟည်း လူလည်းကြော်ငြာ၊ ခွေးဟစ်လူဟစ် ခတ်ပစ်ကယ်ခြောက်သောခါ၊ ပုတက်ယုန်ခါ တောမှာရှိကြ၊ ငုံးကြက်ကယ်ဖွတ်မြွေ ဝံပုလွေ၊ မနေထွက်လာကြသည်တည့်လေး။

With joyous zest the wife
Gets a mixed load of curry-leaves good and indifferent.
The husband's concern is the hares and such other
Creatures of the wild as he encounters;
He takes and puts them in his sack.

ဝမ်းသာအားရ မယားကတစ်သွယ်၊ ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်၊ လင်ကတစ်သွယ် ယုန်ငယ်ကစ၊ တောသတ္တဝါ တွေ့တိုင်းကိုသာ၊ အိတ်မှာသာယူ၍ချသည်နှင့်လေး။

And so returning and having rested a little,
They do their roasting at the jaggery fire on sharp spits.
When the curry-pot boils they put in the roast,
And stir the pot, and cook it in water.
They have, too, star-gazing chillies.

သို့နှင့်ရောက်က ခဏအောင့်လျှင်၊ တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊ ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့်လှော် ရေနှင့်ကြော်၊ မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။

When all is set on the large wicker tray,
Daughters and sons, so many there is scarce room,
Push and thrust with a single knee,
Vying with each other and determined to eat.
They fall to in fine style plying the coconut dipper.

နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊ သမီးနှင့်သား များလို့မဝင်သာ၊ ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ စားတော့မည်စေ၊ စပေသာလှအုန်းခွက်ကယ်နှင့်လေး။

Each with bent head takes handfuls and gobbles.
When they have finished, there is no washing-up; they leave it to the dogs.

ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။ ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။



J. A. Stewart
[Anthology of Burmese Literature, ii, 2.]

ကျွန်တော်နဲ့ ဝက်တုပ်ကွေး

Tuesday, June 30, 2009


မြန်မာပြည်မှာ H1N1 ဝက်တုပ်ကွေး ပထမဆုံး တစ်ယောက် တွေ့တယ်ဆိုတဲ့ သတင်းက တော်တော့်ကို ဟော့နေပါတယ်။ သွားလေရာနေရာမှာ အဲဒီအကြောင်း ပြောနေကြတယ်။ ကျွန်တော်ကိုယ်တွေ့ကြုံတာလေး တစ်ခုကို ပြောပြချင်သေးတယ်။ ဒီရက်ပိုင်းမှာပဲ ကျွန်တော်လည်း ဟောင်ကောင်မှာ Workshop တစ်ခု သွားတက်ရတယ်။ ရန်ကုန်ကနေ ထိုင်း၊ ထိုင်းကနေမှ ဟောင်ကောင်ပေါ့။ ထိုင်းလေဆိပ်မှာတော့ ကျွန်တော်တို့က Transit ဆိုတော့ ဘာမှ စစ်ဆေးတာ မခံရဘူး။ ဟောင်ကောင်ဝင်ခါနီးတော့ Health Declaration Form ဖြည့်ရတယ်။ ချောင်းဆိုးနေလား၊ ဖျားနေလား၊ နှာရည်တရွှဲရွှဲ ဖြစ်နေလား ဘာညာပေါ့။ ကျွန်တော်တို့က ဘာမှမရှိတော့ All Clear ထားလိုက်တယ်။ ဒါပေမယ့် လေဆိပ်မှာ အင်မီဂရေးရှင်း ဖြတ်ခါနီးတော့ စစ်ဆေးတာ ခံရတယ်။ သူစစ်ဆေးတဲ့ ပုံစံက ကိုယ့်ဖောင်ကို ကိုယ်ကိုင်ထားပြီး သူတို့ သတ်မှတ်ထားတဲ့ နေရာကို သွားပေးရတယ်။ အဲဒီနေရာမှာ Sensor စနစ် တစ်ခု ရှိတယ်လို့ ထင်တယ်။ ပြီးတော့ မျက်နှာကာတွေ တပ်ထားတဲ့ သန့်သန့်ပြန့်ပြန့် စစ်ဆေးသူတွေလည်း ရှိတယ်။ ကိုယ်ပေးတဲ့ စာရွက်ကို ကြည့်ပြီး ကိုယ့်အခြေအနေကိုလည်း အကဲခတ်သေးတယ်။ ပြီးတော့ သူတို့ ရပ်ခိုင်းတဲ့ နေရာမှာ ရပ်နေရတယ်။ ကိုယ့်ဘာသာ စာရွက်မှာ ဘယ်လိုဖြည့်ထားထား အဲဒီမှာ Clear ဖြစ်မှ အထဲကို ဝင်ရတာမျိုးပါ။

ဒီလိုနဲ့ အဲဒီမှာ နေရင်း ပြန်မယ့်ညကျတော့ ကျွန်တော်လည်း လမ်းလျှောက်ရတာ များသွားလို့ တော်တော် ပင်ပန်းသွားတယ်။ ဟော်တယ် ပြန်ရောက်တော့ ၁၁နာရီကျော်ကျော်ပေါ့။ ဟောင်ကောင်ရာသီဥတုက စိုထိုင်းစကများများ ပူပူနွေးနွေးလည်း ရှိတာမို့ ချွေးစေးပြန်တာနဲ့ ကျွန်တော်လည်း ခေါင်းတွေလျှော် ရေတွေချိုးမိတယ်။ ပြီးတော့ အဲယာကွန်းလေး ဖွင့်ပြီး စာဖတ်နေရင်းက အိပ်ပျော်သွားလိုက်တာ သတိရတော့ မနက် ၃နာရီ ထိုးတော့မယ်။ နှာတွေစေးပြီး မျက်စိတွေ နှာခေါင်းတွေ ပူနေသလို ဖြစ်လာတယ်။ ကျွန်တော်သိလိုက်တယ်။ ကျွန်တော် အအေးမိသွားပြီ။ ကျွန်တော်က အဲယားကွန်း လုံးဝ လုံးဝ မတည့်ဘူး။ အဲယားကွန်းနဲ့ အိပ်တာနဲ့ မနက်ဆို ဖျားတတ်တယ်။ ဒါနဲ့ အဲယားကွန်းပြန်ပိတ် စောင်ခေါင်းမြီးခြုံပြီး ပြန်အိပ်လိုက်တာ မနက် ၆နာရီထိုး နိုးလာတော့ လူက ခေါင်းပါကိုက်နေတယ်။ ပြီးတော့ အဲဒီမှာ အသားတွေ၊ ဘူဖေးတွေ နင်းကန်စားသောက်ပြီး အပူကန်လို့ နှာခေါင်းထဲ ဝက်ခြံက လာပေါက်နေသေးတယ်။ အဲဒီနေရာ ဝက်ခြံပေါက်တာ တကယ်ခံရခက်တာမျိုး။ ဒီလိုနဲ့ လေယာဉ်ပေါ် တက်တော့လည်း အဲယားကွန်းဒဏ်ကို ဆက်ခံရပြန်တယ်။ လေယာဉ်က အဲယားကွန်းက တစ်ယောက်ချင်းစီအတွက် သီးသန့်ထားတဲ့ စနစ်မဟုတ်တော့ ခေါင်းကို လေရိုက်တာကို ခံနေရတာ တော်တော်ဆိုးတယ်။ သူများတွေကတော့ ဝက်တုပ်ကွေး မိနေတယ် ထင်မလားဘဲ။ ဒါနဲ့ လေယာဉ်မောင်တစ်ယောက်ကို Mask တောင်းပြီး နှာခေါင်းကို စည်းထားလိုက်တယ်။ အဲဒီနည်းက Sensitive ဖြစ်နေတဲ့ နှာခေါင်းကို ပြင်ပလေ တိုက်ရိုက်မထိတာမို့ အတော် သက်သာတယ်။ ထိုင်းရောက်တော့ ကျွန်တော် တော်တော် သက်သာနေပါပြီ။ ဒါပေမယ့် လေဆိပ် ဟိုဘက်ဒီဘက်ကို နှစ်ခေါက်လောက် လမ်းလျှောက်လိုက်ရတာ ပင်ပမ်းပြီး ပြန်ဖျားချင်သလိုလို ဖြစ်လာတယ်။ ထိုင်းကနေ ရန်ကုန် လေယာဉ်ပေါ်မှာတော့ ကျွန်တော် အိပ်ပြီးလိုက်လာတယ်။ ဒီလေယာဉ်ကတော့ သီးသန့်စနစ် ပါတာမို့ ကျွန်တော့်ခေါင်းပေါ်က လေပေါက်ကို ပိတ်ထားလိုက်တာ တော်တော်အိုကေသွားတယ်။ ရန်ကုန် ရောက်ခါနီးတော့ ကျွန်တော်တို့ကို Health Declaration Form ဖြည့်ရပြန်တယ်။ ကျွန်တော် ပထမတော့ နှာစေးနေတာ၊ ချောင်းဆိုးနေတာ၊ ဖျားချင်နေတာ၊ ကိုယ်လက်နဲနဲကိုက်တာတွေ ဖြည့်လိုက်ဦးမလို့ပဲ။ ကျွန်တော်ဖြစ်နေတာ ဝက်တုပ်ကွေး မဟုတ်ဘူးဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် သေသေချာချာသိတယ်။ ဘာလို့လည်းဆိုတော့ ဒါမျိုးက ကျွန်တော် ဖြစ်နေကျကိုး။ ဒါပေမယ့် ဒီလို လက္ခဏာတွေ ဖြစ်နေပါတယ် ဆိုပြီး ကိုယ်ကဖြည့်လိုက်ရင် လေဆိပ်ရောက်တာနဲ့ ကျွန်တော့်မယ် ဆေးရုံတန်းပို့ခံရရင်ဖြင့် အလုပ်ပျက် အကိုင်ပျက်တော့မယ်။ ဒါနဲ့ ကျွန်တော်လည်း All Clear လုပ်လိုက်တယ်။ ကျွန်တော် ထင်တာက ဟောင်ကောင်မှာလိုပဲ ကျွန်တော်တို့ကို စက်တွေဘာတွေနဲ့ စစ်ဆေးဦးမယ် ထင်ထားတာ။ ဘာမှကို မစစ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ လေဆိပ်ထဲ ဝင်လာတယ်။ ပြီးတော့ စက်လှေခါးနဲ့ အောက်ထပ်ကို ဆင်းတယ်။ အဲဒီ အဆင်းနေရာလေးမှာ လူလေးငါးဆယ်ယောက် ထိုင်နေတယ်။ ဖြတ်သွားတဲ့ ခရီးသည်တွေကိုတော့ ဟိုကြည့်ဒီကြည့် ကြည့်နေကြတယ်။ အဲဒီထဲက တစ်ယောက်ယောက်ကို ကိုယ်ဖြည့်ထားတဲ့ ကဒ်လေး ပေးလိုက်ရုံပဲ။ ပြီးသွားရော။ ကျွန်တော်တောင် တော်တော် အံ့ဩသွားတယ်။ မျက်စိသက်သက်နဲ့ ကြည့်ရုံနဲ့တော့ ဒီရောဂါ ဖြစ်နေမနေ ဘယ်လိုမှ သေသေချာချာ မသိနိုင်ဘူး။ နောက်တစ်ခုက ကျွန်တော့်လို အအေးမိနေတဲ့သူ၊ ပြီးတော့ ပြန်လာတဲ့ နိုင်ငံက ဟောင်ကောင်နဲ့ ထိုင်း။ ဖြစ်နေတဲ့ လက္ခဏာတွေကလည်း တုပ်ကွေးလိုလို ဘာလိုလို။ တကယ်ဆို ကျွန်တော်ဟာ သံသယရှိစရာ ခရီးသည်တစ်ယောက် ဖြစ်နေတာပဲ။ ဒါပေမယ့် ကျွန်တော်က အလုပ်ရှုပ်မှာစိုးလို့ ဒါတွေ မဖြစ်ပါဘူးလို့ ကဒ်ထဲမှာ ဖြည့်လိုက်တာနဲ့ ကျွန်တော့်ကို မစစ်ဆေးကြတော့ဘူး။ တကယ်ဘုရားစူး။ ဟောင်ကောင်လေဆိပ်ကလိုမျိုး အပူအာရုံခံ Sensor နားလည်း သွားရတာမျိုး မရှိဘူး။ ကျွန်တော်သာ တကယ်လို့ အဲဒီရောဂါဖြစ်နေရင် ဘယ်လိုလုပ်မတုန်း။ တော်တော်လေးတောင် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ လေဆိပ်ကနေ အိမ်ပြန်ရောက်တော့ ကျွန်တော် ကိုယ်တော်တော် ပူလာတယ်။ ကိုယ်လက်တွေလည်း နာနေတယ်။ ဒါနဲ့ ရေနွေးတွေသောက်၊ ဆေးတွေသောက်၊ အင်္ကျီထူထူဝတ်ပြီး အိပ်ပစ်လိုက်တာ မနက်ဆယ်နာရီမှ နိုးတယ်။ နဲနဲ ကျန်နေသေးတယ်။ ဒါနဲ့ ဆေးထပ်သောက်၊ ရေနွေးတွေ ထပ်သောက်၊ လေအေးအတိုက်မခံဘဲ နေလိုက်တာ နောက်နေ့မနက် အိပ်ယာထတော့ တော်တော်ကောင်းသွားပြီ။ ဒါပေမယ့် ချောင်းဆိုးကတော့ နဲနဲ ကျန်ခဲ့တယ်။

ကျွန်တော် ဖြစ်တာကတော့ ကံကောင်းလို့ ဝက်တုပ်ကွေး မဟုတ်ခဲ့တာပါ။ Health Declaration Form မှာ အမှန် မဖြည့်ခဲ့တာကလည်း ပြောရရင် မှားတော့ မှားပါတယ်။ ဒါပေမယ့် အဲလို ဖြည့်ပြန်ရင်လည်း ကျွန်တော့်မယ် အလုပ်ပျက် အကိုင်ပျက် ဖြစ်ဦးမယ်။ တခြားသူတွေပါ ကိုယ့်ကြောင့် အလုပ်တွေ ရှုပ်ဦးမယ်။ မေတ္တာပို့တာ ခံရဦးမယ်။ ဒါကြောင့် ကျွန်တော် မဖြည့်ခဲ့တာ။ လေယာဉ်ဆိုက်တဲ့အထိ ကျွန်တော် အဲဒီမှာ ဖြည့်သင့်မဖြည့်သင့် စဉ်းစားရင်း ကွက်လပ်ချန်ထားတုန်း။ လေဆိပ်ထဲ ဝင်ခါနီးမှ All Clear ကိုယ့်ဘာသာ လုပ်လိုက်တာ။ ဒီလို ကျွန်တော့်လိုပဲ လုပ်ကြမယ့်သူတွေ အများကြီး ရှိမှာပဲ။ ဒါဟာ တော်တော့်ကို အန္တရာယ် ကြီးပါတယ်။ ခရီးသည်တစ်ယောက်က အဲဒီကဒ်မှာ ဘာမှမဖြစ်ပါဘူး ရေးထားရုံနဲ့ လွှတ်ပေးလိုက်တာမျိုးက မဖြစ်သင့်ဘူး။ အားလုံးကို စစ်ဆေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ပြန်လာတဲ့နေ့မှ အဲဒီလို မစစ်ဆေးတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝ မစစ်တာကတော့ အသေအချာပဲ။ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေသလိုမျိုး ခရီးသည်တွေကို စောင့်ကြည့်နေတာမျိုးပဲ ရှိခဲ့တာ။ အခု စတွေ့တယ်ဆိုတဲ့ ကလေးလေးလည်း အဲဒီနေ့က လေဆိပ်မှာ စစ်ဆေးတာ ခံရတုန်းက ဘာမှမရှိဘူးလို့ သတင်းစာတွေ၊ ဂျာနယ်တွေထဲ ပါပေမယ့် ကျွန်တော်ပြန်လာတဲ့ နေ့ကတော့ ဘယ်သူ့ကိုမှ အဲလို စစ်ဆေးနေတာ မရှိခဲ့တာမို့ ကျွန်တော့်အနေနဲ့ လက်ခံဖို့က တော်တော် ခက်ခဲတယ်။ သူလည်း ကျွန်တော့်လိုပဲ All Clear လုပ်ပြီး ထွက်လာခဲ့သလားမှ မသိတာ။ ဒီလိုမျိုး ဘယ်နှစ်ယောက်တောင် ရှိနေမလဲ မသိဘူး။ ဒါတောင် အဲဒီကလေးမလေးရဲ့ ဆရာမကို ချီးကျူးဖို့ ကောင်းတယ်။ သူ့ကြောင့်သာ ဒီကလေးမှာ H1N1 ဖြစ်နေတာ သိခဲ့ရတာကိုး။ ဒီလိုမျိုး ညွှန်ပြတဲ့သူနဲ့ မတွေ့ဘဲ သာမန် တုပ်ကွေးထင်ပြီး ရမ်းဆေးသောက်နေတဲ့ သူတွေလည်း ဘယ်နှစ်ယောက်တောင် ရှိနေမလဲ မသိဘူး။ ကျွန်တော်တို့ မြန်မာတွေက ဗြူးဗြူးဗြဲဗြဲ ကြီးကြီးကျယ်ကျယ် ဖြစ်တာမျိုးမှ အလေးထားချင်ကြတာ။ ဒီရောဂါမျိုးက ကူးစက်တာသာမြန်တာ၊ သေတဲ့ ရာခိုင်နှုန်းကျတော့ နည်းတာမို့ သိပ်အလေးအနက် မထားတာမျိုးလားတော့လည်း မသိဘူး။ ကျွန်တော်တို့ အနေနဲ့ ပြီးစလွယ် လုပ်တာမျိုးတွေ၊ ဝတ္တရားကျေ လုပ်တာမျိုးတွေ၊ လူကြီးလာမှ လုပ်ပြတာမျိုးတွေ ရှောင်ရှားသင့်နေပြီလို့ ထင်မိပါတယ်ခင်ဗျား။ နာဂစ်မှာတုန်းကလည်း လူကြီးလာမယ်ဆိုမှ လုပ်ပြတာမျိုးတွေ အများကြီး ကျွန်တော် ကိုယ်တွေ့ကြုံခဲ့ရတယ်။ ကျွန်တော် ပြန်လာတာ၂၆ရက်နေ့ ဆိုတော့ အဲဒီ နေ့လည် ဘန်ကောက်အဲယားဝေးနဲ့ ပြန်လာတဲ့သူတွေ အားလုံး မေးကြည့်ရင် ကျွန်တော်ပြောတာ ဟုတ်မဟုတ် သိပါလိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ်တွေ့ကြုံခဲ့ရတာမို့ နိုင်ငံခြားက လာတဲ့သူတိုင်းကို လေဆိပ်မှာ သေချာ စစ်ဆေးနေပါတယ် ဆိုတာကြီးကို ဘယ်လိုမှ ယုံလို့ မရဘူးဖြစ်သွားပါတယ်။ ဒီတော့ ကြည့်ကျက်သာ နေကြပေါ့ဗျာ။ ကျွန်တော်ကတော့ ပြန်ရောက်တဲ့ အထိမ်းအမှတ်အဖြစ် မနေ့ညကတင် သူငယ်ချင်းတွေနဲ့ ချီးယားလုပ်ပြီးသွားပြီမို့ ဝက်တုပ်ကွေး ကင်းရှင်းကြောင်း သက်သေ ထူလိုက်နိုင်ပါတယ်။ အဲ ခါးလေးတော့ နဲနဲ ကိုက်နေတုန်းပဲ။ :D


Using Web as a Professional & to be a Professional

Tuesday, June 09, 2009


Using Web as a Professional & to be a Professional ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အကြောင်း၊ အင်တာနက်ကို အသုံးပြုပြီးတော့ ခေတ်မီနည်းပညာတွေ၊ သတင်း အချက်အလက်တွေကို ရယူနိုင်တဲ့အကြောင်း၊ ဒီလို ရယူပြီးတော့ ကိုယ်တတ်ကျွမ်းရာ ဘာသာရပ်မှာ ဘယ်လို ပူးတွဲ အသုံးချနိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို MCPA အသင်းကကြီးမှူးပြီး ICT Park ထဲမှာ ကျွန်တော် ဟောပြောပါမယ်။ လာမယ့် ဇွန်လ၁၃ရက် နေ့လည် ၁နာရီကနေ ၃နာရီအထိ ဖြစ်ပါတယ်။


Download Powerpoint in Pdf format [5.4Mbs]

Using Web as a Professional and to be a Professional


National Debt by Country


National Debt By Country

CIA အချက်အလက်တွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အကြွေးစာရင်းပါ။ ဒါကို စတွေ့တာနဲ့ စကြည့်မိတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး အကြွေးဘယ်လောက် ရှိသလဲ ဆိုတာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ နေရာမှာ Country for which no information is available ဆိုတဲ့ သင်္ကေတလေးပဲ တွေ့လိုက်ရတာမို့ တော်တော်ညံ့သေးတဲ့ CIA ပဲလို့ သတ်မှတ်လိုက်ပါတယ်။ ဪ အဲဒီ ဆိုဒ်လေးမှာပဲ The Wealth of World Leaders ဆိုတဲ့ ပုံလေးတစ်ခုလည်း ရှိပါတယ်။ အဲဒီပုံမှာလည်း မြန်မာပြည်က တစ်ယောက်မှ မပါတာမို့ တိုင်ကွန်းကြီးတွေ မကျေမနပ် ဖြစ်နေတော့မှာပဲလို့ ထင်မိပါကြောင်း။

Source: http://www.visualeconomics.com


Scribnia





Scribnia is all about writers, aim to be the definitive source for people's opinions about bloggers, columnists, reporters, and other writers whose work is available online. Scribnia allows you to rate your favorite (and least favorite) writers and discover new authors that match your unique tastes. Scribnia enables "deep" searching and filtering by allowing users to rate authors on "Context ratings," which are metrics specific to each author's domain.


For Readers
  • Rate authors using Context Ratings™, and share with your friends the authors you love and hate
  • Discover new authors using Scribnia's recommendation engine, which analyzes your unique tastes

For Bloggers
  • Install the scribnia widget to enable readers to rate you and drive new readers to your blog
  • Connect with readers by seeing what they like and dislike about your posts

http://www.scribnia.com

Nominate for MCPA Excellence Award 2008

Saturday, June 06, 2009


မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ ၂၀၀၇ခုနှစ်မှစ၍ တစ်နှစ်အတွင်း မြန်မာနိုင်ငံ ကွန်ပျူတာ လောကအတွက် ထူးချွန်စွာ အကျိုးပြုခဲ့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ Product ၊ Solution (သို့) Project တစ်ခုကို နှစ်စဉ်ရွေးချယ်၍ MCPA Excellence Award ဆုချီးမြှင့်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်အတွက် ဆုချီးမြှင့်ခံထိုက်သူများကို ၂၀၀၉ခုနှစ် ဇူလိုင်လ(၃၁)ရက် နောက်ဆုံးထား၍ အဆိုပြုကြရန် ဖိတ်ခေါ်အပ်ပါသည်။

အဆိုပြုလွှာကို ဤနေရာတွင် ဒေါင်းလုဒ် ရယူပါ။ [Nomination Form]
အဆိုပါဆုနှင့် ပတ်သက်သော အချက်အလက်များကို ဖတ်ရှုရန် [About MCPA Award]


သူဌေးမင်းကို အကြွေးစာရင်းထဲ ထည့်လိုက်ပြီ

Thursday, June 04, 2009


သူဌေးမင်းကို အကြွေးစာရင်းထဲ ထည့်လိုက်ပြီ


သူဌေးမင်းကို အကြွေးစာရင်းထဲ ထည့်လိုက်ပြီ
အားလုံးကို စားသုံးသွားတဲ့အတွက်
မနက်ဖြန်မှာ သင်နဲ့ငါ ဆက်ဆံစရာ မလိုတော့ဘူး
ဘောလုံးလိုပဲ အပျော်ဆုံး ဆက်ကန်ပါတော့
လူတွေကို။

တော်စတွိုင်းဆိုတော့ တွိုင်းလိုက်ကြ
အာရှီမော့ဆိုတော့ မော့လိုက်ကြ
နိရူဒါဆိုတော့လည်း ဒါလိုက်ကြ
ဖူကူယားမားနဲ့ မားလိုက်ကြ
ဂျက်ဖရီအားချားကို ချားလိုက်ကြ
ဂျက်လန်ဒန်ဆို ဒန်လိုက်ကြ

ပြဇာတ်ဟာ တစ်ဖက်သက်မို့
တစ်ခန်းမရပ်ခင်
ငါ အပြင်ကို ထွက်ခဲ့တယ်
သူဌေးမင်းကို အကြွေးစာရင်းထဲ ထည့်လို့။


လင်းဆက်
4 June, 2008

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၃)

Sunday, May 31, 2009

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၃)



ပထမတော့ အားဒမ်သည် မရိပ်မိသေးချေ။ ဒညင်းမယ်လေးကို ကြည့်လိုက်တိုင်း ရေကန်ထဲ ဆင်းဆင်းနေသည်ကိုသာ တွေ့ရသည်။ သူစကားလှမ်းပြောသည်ကိုပင် ပြန်မပြော။ အေးမကလည်း ထူးထူးဆန်းဆန်း ခုတလောမှ ဒညင်းမယ်လေးနှင့် ပတ်သက်သမျှ ဘာပြဿနာမှ မလုပ်ချေ။ ထိုသို့သာ အမြဲတမ်း အေးအေးချမ်းချမ်းဆိုလျှင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။ အခုတော့ အေးမ ပြဿနာ မရှာတော့သော အခါမှ ဒညင်းမယ်လေးက သူ့ကို ရှောင်နေလေပြီ။ သူ့စိတ်သည် မရိုးမရွ ဖြစ်လာ၏။ ခါတိုင်းမြင်နေကျ စက္ခုအာရုံလေး မမြင်တွေ့ရတော့သဖြင့်လည်း ခြေဖဝါးကို ဓါးနှင့်ခွဲ ဆားပက်ပြီးမှ မီးကင်ခံရရှာသော ဗိမ္မသာရမင်းကြီးလို ခံစားရလေသည်။ သူ့အပေါ်ကို တစ်ခုခုများ ငြိုငြင်နေသလားလို့ အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ရှာ၏။ အေးမနှင့် အမြဲတမ်း ဒီလိုကြီး ပူးတွဲပူးတွဲ လုပ်နေလို့များ အမျက်သိုလေသလားလို့လည်း စေ့စေ့ပေါက်ပေါက် တွေးမိလေ၏။ ဤသို့ ဆိုလျှင်တော့ သူ့အနေဖြင့် ဘယ်လိုမှ မတတ်နိုင်။ ဘုရားသခင် စီစဉ်ထားသည်ကိုး။ ဒါဆိုရင် ဘာကြောင့် ဒညင်းမယ်လေး သူ့ကို သိသိသာသာကြီး ရှောင်နေရသနည်း။ ဤသို့ဖြင့် အခါမလပ် အားဒမ်၏ စိတ်တွင် ယင်းအတွေးများ ဝင်နေလေရာ အိပ်ပျော်နေလျှင်တောင်မှ ဒညင်း၊ ဒညင်းဟု ရေရွတ်သည်အထိ ဖြစ်လာသည်။ (နောင်သောအခါ အားဒမ် အိပ်ပျော်နေစဉ် တွေးနေသော ဒညင်းဒညင်းကို Dream Dream ဟု ခေါ်ကြလေသည်)။

တစ်ရက်တော့ သူအေးမကို အဘယ်ကြောင့် ဒညင်းမယ်လေး သူတို့နှင့် မနေဘဲ ရေကန်ထဲ ဆင်းဆင်းနေသည့် အကြောင်းကို တီးခေါက်လေ၏။ အေးမကတော့ အမူအရာမပျက်ဘဲ အို.. ဒါကတော့ရှင် ရှင်နဲ့ ကျွန်မကြားထဲ သူဝင်ပြီး ခလောက်ဆန်မိတာ သိသွားလို့ နောင်တရပြီး ခပ်ဝေးဝေးမှာ နေတာဖြစ်မှာပေါ့လို့ ဆိုလေ၏။ ဒီကောင်မ မရှိတာ ဘာအရေးများလဲ.. ကျွန်မတစ်ယောက်လုံး ရှိပါသေးတယ်ရှင့်.. အရင်ထဲက အားဒမ်ရဲ့ မူပိုင်က အေးမဆိုတာ အားလုံး အားလုံး သိကြတာပဲ.. ရှင်ကလဲ ကျွန်မကိုပဲ ချစ်တယ် ချစ်တယ် တတွတ်တွတ် ပြောနေပြီးမှ ဘာအခုမှ ဒညင်းမယ်အတွက် ပူပန်နေရတာလဲ ဟု မျက်တောင်လေးချီကာ ပြောလိုက်သေးသည်။ ပြီးတော့ သူ့ရင်အုပ်ကျယ်ကြီးကို ခေါင်းအပ်ပြီး အတင်းဖက်ထားပြန်သည်။ အရင်ကတော့ ဒီလို အချိန်လေးတွေဟာ သာယာသည်ပေါ့။ ယခုအခါတွင်တော့ စိတ်ညစ်စရာ ဖြစ်နေပေပြီ။

အားဒမ်သည် အတင်းဖက်တွယ်နေသော အေးမ၏ လက်များကို ခွါထုတ်လိုက်ပြီး လေပူတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။ ဒါကြောင့်လည်း မိန်းမတွေ ဉာဏ်နည်းတယ်လို့ ပြောတာနေမှာဟု တွေးလိုက်မိသည်။ စဉ်းစားကြည့်လျှင် ရေကြည့်လိုက်လျှင်တောင်မှ လက်ငါးချောင်း မပြည့်ချင်တဲ့ လူ့လောကကြီးထဲတွင် အားနွဲ့သူ မိန်းမသားလေး တစ်ယောက်တည်း သူတို့ကို ခွဲပြီး သွားနေတာ ဘယ်လောက် အထီးကျန်လိုက်မလဲ။ သူတောင်မှ ရေကန်ထဲ ကြာကြာမနေနိုင်၊ နှုတ်ခမ်းများ ပြာတက်ပြီး တကိုယ်လုံး တုန်ခါ လာတက်သည်။ ဒညင်းမယ်လေး တနေကုန် တနေခန်း ရေထဲမှာ နေနေတာ ဘယ်လောက် ချမ်းရှာလိမ့်မလဲ။ သူ့ခမျာ အေးမလို ဖက်ထားစရာ ယောက်ျားသားလည်း မရှိပြန်တာ ဘယ်လောက် သနားစရာ ကောင်းလိုက်သလဲ။ သူသာ ဒညင်းမယ်လေးနား ရှိလျှင်တော့ အနည်းဆုံး အကိုလို မောင်လို စိတ်မျိုးနဲ့ သူမ ဖက်ထားချင် ဖက်ထားလို့ ရသည်ပေါ့။ ဒီထက် ပိုဆိုးတာက အဲဒီရေကန်။ အဲဒီရေကန်မှာ မွေးဖွားရှင်သန်နေကြတဲ့ အကောင်တွေက အများကြီးရယ်။ သူတောင် ဟိုးတခါ ရေဆင်းချိုးတုန်းက လက်ကို ငါးတွတ်လို့ အမြန်ပြန်တက်ခဲ့ရဖူးသည်။ နောက်တကြိမ်တွင်တော့ မင်းသုဝဏ်၏ မျှော့နက်မည်းကြီး တွယ်လေ၏။ ဒီအန္တရာယ်တွေကို ဒညင်းမယ်လေး သိမှ သိပါရဲ့လား။ အားဒမ်သည် တွေးမိလေ တွေးမိလေ ဒညင်းမယ်လေး၏ မျက်လုံးရွဲကြီးကိုလည်းကောင်း၊ ပါးနီနီလေးကိုလည်းကောင်း၊ ရှည်လျား သွယ်ပြောင်းသော လက်ချောင်းလေးများကိုလည်းကောင်း၊ တခစ်ခစ်ရယ်သံ လွင်လွင်လေးကိုလည်းကောင်း၊ စိတ်ကောက်လျှင် ထော်ပြီး စူထားတတ်သော နှုတ်ခမ်းထူထူလေးကိုလည်းကောင်း မျက်လုံးထဲတွင် တရေးရေး မြင်ယောင်နေလေတော့သည်။

တနေ့။ ထိုနေ့သည်လည်း နေသာပြီး မိုးမရွာပါ။ လေပြေများက ဒဂုန်တာရာ ပြောသလို တနော့နော့ တိုက်နေပြီး အေးမသည် သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးနေသော မျောက်များကိုကြည့်ကာ ဂျူးကဲ့သို့ ဘုရားရေ.. ဘုရားရေဟု အဆက်မပြတ် တနေ၏။ အားဒမ်သည် သူခူးလာသော သီဟိုဠ်စေ့ များကို မီးဖုတ်ပြီး ရည်ရွယ်ချက်ရှိရှိ အေးမကို ကျွေးနေ၏။ ထိုအစေ့များ များများစားလျှင် သွေးတက်ပြီး အလွန် အိပ်ပျော်တတ်ကြောင်း သူသိထားသည်။ မကြာမီပင် အေးမသည် မထူးခြားသော မြင်ကွင်းကြောင့်လည်းကောင်း သီဟိုဠ်စေ့ တန်ခိုးကြောင့်လည်းကောင်း သွေးတက်ပြီး ပျင်းရိလေးလံလာကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားလေတော့၏။ ထိုကဲ့သို့ အေးမ နှစ်ခြိုက်စွာ အိပ်ပျော်မည့် အချိန်ကို အားဒမ် စောင့်နေခဲ့သည်မှာ တော်တော်ကြာခဲ့လေပြီ။ အခုလို အခွင့်ကောင်း ကြုံသည်နှင့် ရေကန်ရှိရာသို့ ပြေးတော့သည်။ သနားစရာ ဒညင်းမယ်လေးသည် ရေကန်ထဲမှ တဆတ်ဆတ်တုန်ကာ သူ့ကို ကြည့်နေလေ၏။ အားဒမ်သည် ရေထဲသို့ ဖြေးဖြေးဆင်းပြီး ဒညင်းမယ်လေးအနားသို့ တိုးကပ်သွားလေ၏။ ယခင်က ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ကာယကလေးမှာ ယခုအခါ အတော်ချောင်ကျသွားပါလားဟု သူတွေးမိလိုက်သည်။ ဒညင်းမယ်လေးသည်လည်း သူဆင်းလာသော အခါမှ မျက်ရည်များ ပေါက်ပေါက်ပေါက်ပေါက် ကျလာကာ ရက်စက်လိုက်တာ ရက်စက်လိုက်တာဟု မြည်တမ်းလေသည်။ အားဒမ်သည် ဒညင်းမယ်လေးကို သူ၏ သန်မာသော လက်ကြီးဖြင့် ခန္ဓာကိုယ်အတွင်းသို့ နစ်ဝင်လုမတတ် ထွေးဖက်လိုက်ပြီး ဘာဖြစ်လို့ ကိုယ့်ကို ရှောင်နေရတာလဲကွယ်ဟု ကျော်ဆွေ၏ လေသံဖြင့် မေးလေသည်။ ဒညင်းမယ်လေးသည် မျက်ရည်မပြတ်ဘဲ ညှိုးငယ်သော မျက်နှာလေးဖြင့် ဦးသမီးကို သေစေချင်နေတာ သမီးသိတယ်.. သမီးသိတယ်.. ဦးသိပ်ရက်စက်တယ် စသည်ဖြင့် တတွတ်တွတ် ပြောရင်းငို ငိုရင်းပြောလေ၏။

အားဒမ်သည် လက်နှစ်ဖက်ဖြင့် ဒညင်းမယ်လေး၏ မျက်နှာကို မော့လိုက်ပြီး အိုကွယ် မဟုတ်လိုက်တာ.. ကိုယ်မင်းကို ဘာများ အပြစ်လုပ်မိလို့လည်းကွယ်.. မင်းမရှိလို့ ကိုယ်အထီးကျန်နေတာ မင်းသိရဲ့လား ဘာညာဖြင့် ယောက်ျားတို့ တပ်အပ်သော အဋ္ဌာရဿ များကို ဝမ်းတွင်းပါ တတ်ပြီးသည့်ပမာ စကားကို စီကာစဉ်ကာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလေ၏။ ထိုကျမှ ဒညင်းမယ်လေးက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည်။ အားဒမ်သည် နားထောင်ရင်း နားထောင်ရင်း အေးမကို လည်ပင်းညှစ်သတ်ချင်စိတ် တဖွားဖွား ပေါ်လာ၏။ ဒညင်းမယ်လေးကိုကား သနားပြီးရင်းသနား ရင်ခွင်မှာသာ အပ်ထားလိုက်ချင်တော့၏။ ဒညင်းမယ်လေးက သမီးသိပ်ကြောက်တာပဲ ဦးရယ် ဟုပြောပြီး ခေါင်းလေး မော့လိုက်သောအခါ အားဒမ်သည် မည်သို့ စိတ်ကူးပေါက်သွားသည်မသိ သူမ၏ နှုတ်ခမ်းဖူးဖူးလေးအား တရှိုက်မက်မက် နမ်းမိလေတော့သည်။ အေးမကိုပင် သူတစ်ခါမှ ဤသို့ မနမ်းစဖူး။ မနမ်းစဖူး အနမ်းထူးသောကြောင့် သူတို့နှစ်ဦးသားမှာ သဘာဝတရား၏ လျှို့ဝှက်ထားသော သဘောတရားကို ရှာဖွေတွေ့ရှိပြီး ယင်းရေအလျဉ်တွင် တသွင်သွင်မျောပါကာ ပတ်ဝန်းကျင်ကို အမေ့ကြီး မေ့နေကြသည်။ ကန်ဘေးသစ်ပင်ထက်မှ မျောက်များက အုန်းသီးများကို ထုရိုက် အားပေးနေကြပြီး ခွေးများက အူသံပေးကာ ချီးယားလုပ်၏။ တောက်တဲ့က တောက်တဲ့တောက်တဲ့ မြည်သံကို အားဒမ်နားတွင် တော်တယ် တော်တယ်ဟု ကြား၏။ ဒေါင်းများက ကမ္ဘာ့ဖလား ဘောလုံးပွဲ သီချင်းဖြစ်သော အိုဝေး..အို…ဝေး..အိုးဝေ ဟူသော အိုးဝေသီချင်းဖြင့် တပ်လှန့်၏။ အားဒမ်တွင် မျှော့သုံးကောင် တွယ်ကပ်နေပြီး၊ ဒညင်းမယ်လေးတွင်တော့ ရှစ်ကောင်ခန့် တွယ်ကပ်နေလေပြီ။ ထိုအခိုက် အေးမသည် အေးစက်သောရေ၏ အထိအတွေ့ကြောင့် မိန်းမော အိပ်ပျော်နေရာမှ လန့်နိုးလာပြီး အားဒမ်နှင့် ဒညင်းမယ်လေးတို့၏ ဖရန့်ကစ်ကို တွေ့သွားကာ အောင်မလေး အရပ်ကတို့ရေဟု အာခေါင်သံကြီးဖြင့် ကြုံးအော်လိုက်လေတော့သည်။