RSS

HMY's Situation

Thursday, June 05, 2008


ကျွန်တော်တို့ဆီကို ဘတ်ဂျတ်တဲလေးတွေ ဆက်လက်ဆောက်လုပ်ဖို့ လှူဒါန်းတဲ့ အလှူငွေတွေ ဆက်လက် ကောက်ခံ ရရှိပါတယ်။ မနေ့ကအထိ စုစုပေါင်း လက်ခံ ရရှိငွေဟာ ကျပ်သိန်း ၁၉၆၄၄၂၅၀ ဖြစ်ပါတယ်။ [Donor List] ကျွန်တော်တို့အဖွဲ့ ကုန်ကျစရိတ်တွေကို အဖွဲ့အတွက် သီးခြားလှူဒါန်းတဲ့ အလှူငွေထဲကသာ သုံးပါတယ်။ ဒါပေမယ့် မလောက်ငှတဲ့အတွက် အချို့ကို အလှူငွေထဲက ကျခံထားပါတယ်။ အောက်မှာ ၉ ရက်နေ့ကစပြီး ကျွန်တော်တို့ ကုန်ကျခဲ့ရတဲ့ အသုံးစရိတ်ကို တင်ပြထားပါတယ် [link]။ အလှူအတန်းနဲ့ ရွာတွေဆီ သွားလာဖို့အတွက် စက်လှေငှားခ၊ အလုပ်သမားခ များကိုတော့ အလှူငွေထဲကနေ သုံးစွဲပါတယ်။ ဒီစာရင်းထဲမှာ မရှင်းလင်းတာရှိရင် ကျွန်တော်တို့ကို အချိန်မရွေး ထောက်ပြ ကန့်ကွက်နိုင်ပါတယ်။ ပစ္စည်းတွေ သိုလှောင်ဖို့ အိမ်ကို မဖြစ်မနေ ငှားထားရပါတယ်။ ဒီစာရင်းဟာ ဇွန်လ ၃ရက်နေ့အထိ စာရင်း ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့အားလုံး အခြေအနေ အတည်တကျ ဖြစ်လာသလို၊ ကူညီသူတွေကြောင့် စက်လှေတွေ၊ တယ်လီဖုန်းတွေ အဆင်ပြေ လာတာမို့ နောက်ပိုင်းမှာတော့ အကုန်အကျ နည်းနည်းနဲ့ ပိုမို ထိရောက်စွာ လုပ်ကိုင် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒုတိယအကြိမ် ပို့ခဲ့တဲ့ ပစ္စည်းတွေကို [Link] ထပ်မံဖြည့်စွက်ပြီး လပွတ္တာမြို့နယ်၊ ကုက္ကိုလ်ကျေးရွာအတွက် အိမ်၃၉လုံး ဆောက်လုပ်ခြင်းမှာ လှူဒါန်းခဲ့ပါတယ်။ မိသားစု တစ်စုကို အိမ်တစ်လုံးနှုန်း ဆောက်လုပ်ပေးခဲ့ပါတယ်။ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ဟာ ကျပ်တစ်သိန်းခွဲခန့် ဖြစ်ပါတယ်။ လိုအပ်တဲ့ သစ်ကို လပွတ္တာ မြို့ကသာ ဝယ်ယူရပါတယ်။ ကျန်ပစ္စည်းများကိုတော့ ရန်ကုန်ကနေ အဝေးပြေးကားနဲ့ တင်ပို့ရပါတယ်။ မိသားစု တစ်စုချင်းစီအတွက် ထမင်းအိုးတစ်လုံး၊ သောက်ရေခွက်တစ်ခွက်၊ ချိုးရေခွက်တစ်ခွက်၊ ဆီ ၅၀ကျပ်သား၊ ထမင်းစားပန်းကန် နှစ်ချပ်၊ ဟင်းထည့်ခွက် တစ်လုံး စတဲ့ ပစ္စည်းတွေကို ပံ့ပိုးပေးခဲ့ရုံသာမက သူတို့ သစ်သယ်ယူဖို့ ဒီဇယ်ဆီခကအစ ဆိုက်ကားခအဆုံး ကူညီပေးခဲ့ပါတယ်။ ကုက္ကိုလ်ကျေးရွာအတွက် လှူဒါန်းတဲ့ ပစ္စည်းစာရင်းနဲ့ တန်ဖိုး၊ သက်ဆိုင်တဲ့ အလှူအတန်း ဓာတ်ပုံများကိုတော့ မကြာခင် တင်ပေးပါမယ်။ ကျေးဇူးတင်ပါတယ်။