RSS

ဘယ်မှသွားရန် စိတ်ကူးမရှိ

Thursday, January 08, 2009


တစ်ရက်တစ်ရက် ချိန်းဆိုတာတွေ၊ အလှူတွေ၊ ဧည့်ခံပွဲတွေ၊ အစည်းအဝေးတွေကို တော်တော်လေး ကြောက်နေမိတယ်။ မနေ့ကဆို လမ်းတော်တော်လေး လျှောက်လိုက်ရတယ်။ အပြင်တခါတခါ ထွက်ရင် ပိုက်ဆံက တော်တော်ကုန်တယ်။ အချိန်လည်း ကုန်တယ်။ ကိုယ့်အလုပ်တွေလည်း တော်တော်ပျက်တယ်။ တခါတလေ လက်ထဲမှာ ရှိတာက ၃၀၀၀ လောက်နဲ့ အသင်းအဖွဲ့တွေက အစည်းအဝေး တစ်ပါတ်တစ်ကြိမ်လောက် ခေါ်တဲ့အခါမျိုး ကြုံလာရင် ထွက်ပဲပြေးချင်တော့တယ်။ ကိုယ်က ကုမ္ပဏီ ပိုင်ရှင်တွေလို ဘာကားမှ ရှိတာလည်း မဟုတ်တော့ တော်တော် ဒုက္ခရောက်တယ်။ အရင်ကတော့ မရှိရင် ရှိတဲ့သူဆီက ချေးငှားသွားတယ်။ အခုတော့ ကိုယ်မရှိရင် သွားကို မသွားတော့ဘူး။ မလာလို့ လှမ်းဖုန်းဆက်နေမှာ စိုးရင်လည်း ဖုန်းကို ပိတ်ထားစရာတောင် မလိုဘူး။ အံဆွဲထဲ ဝှစ်ခနဲ ပစ်ထည့်ထားလိုက်ရင်ပဲ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်သွားပြီး အရမ်းပဲ အလုပ်များနေသလိုလို၊ အစည်းအဝေးခန်းထဲပဲ ရောက်နေသလိုလို။ ဖုန်းပိတ်ပြီး တမင်သက်သက် ရှောင်နေတာမျိုး မဟုတ်တော့ဘူးပေါ့။ ဘယ်လောက်ကောင်းသလဲ။ CDMA မက်ဆေ့ပို့လို့မရတာဟာ မြန်မာပြည်မှာ အထူးကျေနပ်ဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုကြီး တစ်ခုပဲ ဖြစ်ပါတယ်။ တကယ်ပြောတာ။ ဒါကြောင့် အခုထက်ထိကို So called GSM နဲ့ မလဲသေးတာပေါ့။